Monday, November 10, 2014
သံပြားများအား လုယက် ယူဆောင်သွား သူများကို ဖမ်းဆီးရမိ
၆.၁၁.၂၀၁၄ ရက်နေ့ ၀၃၀၅ အချိန် အမှတ်(၁) အပြည်ပြည်ဆိုင်ရာ ဆိပ်ခံဘော တံတား တည်ဆောက် ရေး ကုမ္ပဏီဝင်း အတွင်း ဆိပ်ခံ ဘောတံတား ပေါ်တွင် ထားရှိသော သံပြားများအား လူငယ်(၄)ဦးခန့်မှ စက်လှေဖြင့်လာရောက် ခိုးယူနေသည်ကို လုံခြုံရေး ၀န်ထမ်း ဦးသန်းမြင့်မှ တွေ့ရှိသဖြင့် တားမြစ်စဉ် ၎င်းလူငယ်များအနက် ဓါးကိုင်ထားသည့် လူငယ်(၁)ဦးမှ ငြိမ်ငြိမ်နေရန်၊ မအော်ရန် ပြောဆိုကာ သံပြားများအား စက်လှေဖြင့် လုယက်ယူဆောင် သွားကြသဖြင့် ကုမ္ပဏီ တာဝန်ရှိ သူများအား အကြောင်းကြားပြီး စစ်ဆေးကြည့်ရာ အလျား(၄)ပေ၊ အနံ(၁)ပေခွဲ၊ ထု(၁)လက်မခန့်ရှိသံပြား (၆)ပြား၊ အလျား(၄)ပေ၊ အနံ(၁)ပေခွဲ၊ ထု(၁)မတ်ခန့်ရှိသံပြား(၂၅)ပြား စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄၇၀၀၀၀)ခန့် ပါဆုံး သွားကြောင်း သိရှိရ၍ အရေးယူ ပေးပါရန်တိုင်တန်း ချက်အရ အလုံမြို့မရဲစခန်း (ပ)၂၉၉/ ၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂/၃၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်း စစ်ဆေး ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်း ဆောင်ရွက်ခဲ့ရာ အမှုမှ ပါဆုံးသွားသော သံပြားများအား ကြည့်မြင်တိုင်မြို့နယ်၊ ငါးစင်ရပ်ကွက်နေ ငဘော်(ခ)သန်းအောင်၊(၃၄)နှစ်ထံတွင် အိလေး၊ သန်းဆင့်(ခ)သန်းထိုက်၊ မြင့်ခိုင်၊ ပေါက်စီနှင့် ဆန်းလင်းဇော်တို့မှ
ရောင်းချထားရှိကြောင်း သတင်းအတည်ပြု ရရှိခဲ့ပါသည်။
သတင်းအရ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ရပ်ကွက်နေသူများဖြစ် သည့် အိလေး၊ (၂၂)နှစ်၊ မြင့်ခိုင်၊ (၂၁)နှစ်၊ သန်းဆင့် (ခ)သန်းထိုက်၊ (၃၃)နှစ်တို့ (၃)ဦးကို ၎င်းတို့၏ နေအိမ်အသီးသီးမှ ဖမ်းဆီး ရမိခဲ့ ပါသည်။
၎င်းတို့(၃)ဦးအား စစ်ဆေးရာ အခင်းဖြစ်နေ့ ၀၃၀၀ အချိန်ခန့်က ၎င်းတို့(၃)ဦးနှင့် ပေါက်စီ၊ ဆန်းလင်းဇော်တို့သည် ဆိပ်ခံ ဘောတံတား ဆောက်လုပ်ရေး ၀င်းသို့ စက်လှေဖြင့် သွားရောက်၍ သံပြားများအားလုယက်ယူဆောင်ခဲ့ကြပြီး ကြည့်မြင်တိုင်မြို့နယ်၊ ငါးစင်ရပ်ကွက်နေ ငဘော်(ခ)သန်းအောင်၏ နေအိမ်သို့
သွားရောက်ရောင်းချခဲ့ရာ ငွေကျပ်(၁၉၀၀၀၀)ရရှိသဖြင့် ခွဲဝေ ယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အမှုမှပါဆုံး ပစ္စည်း သံပြားများကို ငဘော်(ခ)သန်းအောင်မှ ၀ယ်ယူထားရှိကာ အိမ်အနီး ရန်ကုန်မြစ် ကမ်းစပ်တွင် ၀ှက်သိမ်းထား သဖြင့် ပြန်လည်ဆယ်ယူ သိမ်းဆည်းလျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်စက်လှေအား တွံတေးမြို့နယ်၊ ချောင်းဝိုင်းလေးရွာ ဆိပ်ကမ်းမှ ရှာဖွေတွေ့ရှိ သိမ်းဆည်း နိုင်ခဲ့ပါသည်။
ယင်းသို့ ပြစ်မှု ကျူးလွန်ခဲ့ကြသည့် အိလေး၊ မြင့်ခိုင်၊ သန်းဆင့်(ခ)သန်းထိုက်နှင့် ပစ္စည်း လက်ခံဝယ်ယူ သူ ငဘော်(ခ)သန်းအောင်တို့(၄)ဦးအား အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသူ ပေါက်စီနှင့် ဆန်းလင်းဇော်တို့ (၂)ဦးကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment