အဘိဓမ္မာ ဟာ ဘုရား ပရိနိဗ္ဗာန်ဝင်ပြီးနောက်ပိုင်းမှ ရေးတာမဟုတ်ကြောင်း
ပြောခဲ့ပြီးပါပြီ။ ဒီအတွက် ဒါကို ဖြေရှင်းဖို့ မလိုတော့ပါဘူး။ အဲ ...
ဒါပေမဲ့ စကားကပ်ပြီး ငြင်းမယ့်သူများအတွက် နည်းနည်း ဆက်ပြောစရာရှိပါတယ်။
အဘိဓမ္မာမှာ သင်္ချာနည်းအရ ဆောင်လွယ်မှတ်လွယ်အောင် သင်္ချာဝါရ ဆိုပြီး
အထောက်အကူပြု ကဏ္ဍတခု၊ မာတိကာမှာ မြတ်စွာဘုရား ကိုယ်တော်တိုင်သင်ပြထားတဲ့
တိကမာတိကာ၊ ဒုကမာတိကာ အပြင် သုတ္တန်တွေက ဆောင်ယူစီစဉ်ထားတဲ့ သုတ္တန္တမာတိကာ
ဆိုပြီး ဒုကမာတိကာ နောက်တမျိုးကို အရှင်သာရိပုတ္တရာက
စီစဉ်ဖြည့်စွက်ပေးထားပါတယ်။ ဒါဟာလဲ ဘုရားဟောမဟုတ်ပေမဲ့ ဓမ္မသေနာပတိလို့
ဆိုတဲ့ လက်ယာတော်ရံအဂ္ဂသာဝကကြီး တနည်းအားဖြင့် ဉာဏ်ပညာအရာမှာ
မြတ်စွာဘုရားပြီးရင် အထက်မြက်ဆုံးလို့ လက်ခံထားတဲ့ သာသနာတော်ရဲ့ ဒုတိယ
အဆင့်မြင့်ဆုံး မထေရ်မြတ်ကြီး ကိုယ်တိုင် မြတ်စွာဘုရားလက်ထက်တော်ကတည်းက
ဖြည့်စွက်သင်ကြားပေးထားတာဖြစ်ပါတယ်။ နောက်ပြီး လူ့ပြည်မှာ
အဘိဓမ္မာတရားတော်ကို ဟောကြားပို့ချသူဟာ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးပဲ
ဖြစ်ပါတယ်။ ဒီတော့ ဘုရားဟောခဲ့တဲ့ တရားတော်ရဲ့ အနှစ်သာရအတိုင်းသာ
ဖြစ်ပါတယ်။ မြတ်စွာဘုရားက အကျဉ်းပြန်ဟောကြားတဲ့တရားတော်ကို လူတွေရဲ့
ဉာဏ်နဲ့ သင့်တော်အောင် မကျဉ်းမကျယ် ပြန်လည်ဟောကြား ပို့ချခြင်း ဖြစ်ပါတယ်။
ဒီလို ဆရာစဉ်ဆက် ဆင်းသက်လာခဲ့ကြောင်းလည်း ရှင်ဗုဒ္ဓဃောသက ရှင်းရှင်းလင်းလင်း
ရေးသားထားပါတယ်။ ဘုရား မဟောတာကို ဘုရားဟောပါလို့ ရောမချ ပါဘူး။
အဋ္ဌကထာ ဋီကာ တွေနဲ့ ပတ်သက်လို့ပဲ ဆက်ပြောစရာလိုပါမယ်။
၎င်းရေးသားသူမထေရ် လို့ ဆိုတာက ဘယ်မထေရ်ကိုပြောတာလဲ။ ရှင်မဟာဗုဒ္ဓဃောသ ကို ရည်ညွန်းတယ် လို့ပဲ ထင်ပါတယ်။ မဟုတ်ရင်လည်း ပြောပါ။
သူ၏ဥဏ်မှီသလောက်ဖွင့်ဆိုထားသည် ဆိုတာကို လက်မခံပါ။ ဘာကြောင့်လဲ ဆိုတော့
မဟာအဋ္ဌကထာ(မူလအဋ္ဌကထာ)၊ မဟာပစ္စရီအဋ္ဌကထာ၊ ကုရုန္ဒီအဋ္ဌကထာ၊ အန္ဓကအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာ၊
သီဟဠအဋ္ဌကထာ (ပေါရာဏ အဋ္ဌကထာ) ဆိုပြီး ရှိခဲ့ကြောင်း ပြောခဲ့ပါပြီ။
ဒီအဋ္ဌကထာကြီးတွေဟာ အလွန်ကြီးကျယ်တဲ့ ကျမ်းမဟာကြီးတွေ ဖြစ်ပြီး အလွန်
ခက်ခဲနက်နဲ ကျယ်ဝန်းတာကြောင့် ရှင်မဟာဗုဒ္ဓဃောသ ဟာ ဘုရားရှင်လွန်တော်မူပြီး
အနှစ်တထောင်လောက် အလှမ်းကွာနေတဲ့ ရဟန်းရှင်လူတွေရဲ့ ပညာ၊ သတိ၊ သမာဓိတွေနဲ့
သင့်လျော်အောင် အဲဒီ ရှေး အဋ္ဌကထာကြီးတွေကို စုပေါင်းပြီး သူတို့ရဲ့
အဆိုအမိန့်တွေနဲ့ မတိမ်းမစောင်းစေဘဲ အကျဉ်းချုံးပြီး အဋ္ဌကထာ
အသစ်ပြုစုပေးတာသာ ဖြစ်ပါတယ်။ သင်္ဂဟကာရက (အတိုချုပ်သူ) သာဖြစ်ပါတယ်။
ဒီနေရာမှာလဲ ဗုဒ္ဓဘာသိတ လို့ခေါ်တဲ့ ဘုရားဟောဖြစ်တဲ့ပါဠိဘာသာနဲ့ ရေးတာကြောင့်
သူ့ရဲ့ အဋ္ဌကထာတွေဟာ ခေတ်စားပြီး အများသုံးဖြစ်လာတာပါ။ ဒါကြောင့်
သူဉာဏ်မီသလောက် ဖွင့်ဆို တာမဟုတ်ပါ။ အတိုချုပ်ပြန်လည် တင်ပြပေးတာသာ
ဖြစ်ပါတယ်။
ဒီတော့ ၎င်းရေးသားမှုသည် ပြုတ်ကျန်ခဲ့နိုင်ကောင်း
ကျန်ခဲ့နိုင်သည် ဒါမှမဟုတ်ထပ်မန်၍ထည့်ပေါင်းကောင်းပေါင်းနိုင်သည်.
ဆိုတာကိုလည်း လက်ခံစရာအကြောင်းမရှိတော့ပါဘူး။ အဲ အတိုချုပ်
ရေးတာဖြစ်တဲ့အတွက် ချန်လှပ်ထားရတာတွေတော့ ရှိပါမယ်။ ဒါတွေကို
ပြုတ်ကျကျန်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ အတိုချုပ်တယ်ဆိုတာ
မူရင်းအနှစ်သာရကို မပျက်စေဘဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ပြန်ရေးတာမှန်း
လူတိုင်း နားလည်မှာပါ။
ဒါကြောင့် နောက်ဆက်မေးထားတဲ့ မေးခွန်းဖြစ်တဲ့
"နှစ်ပေါင်းများစွာအလွန်၌ ၎င်းရေးသားမှုသည် ဘုရားဟောများနှင့်
ဆိုလိုရင်း တူချင်မှတူမည်.. တူချင်လည်းတူနိုင်သည်.." ဆိုတာက
ရှင်းနေပါပြီ။ ဆိုလိုရင်း တူကို တူပါတယ်။တူချင်မှ တူမည်လည်း မဟုတ်၊
တူချင်လည်း တူနိုင်သည် ဆိုတာလဲ မဟုတ်ပါ။
"ဒါမှမဟုတ်
အကုန်လုန်းတူ၏.. လုံးဝမတူ.. တူတာကနည်းနည်း.. မတူတာက များများ ..
တူတာကများများ .. မတူတာကနည်းနည်း ..." ဆိုတာမှာတော့ အကုန်လုံးတူ၏
လို့ ဖြေတာဟာ ဘာကြောင့်လဲ ဆိုတာကို ဒီလောက်ဆို ထပ်ပြောစရာ မလိုလောက်အောင်
ရှင်းပြီ ထင်ပါတယ်။
ရှင်ဗုဒ္ဓဃောသ ဟာ အဋ္ဌကထာသစ်မှာ သူ့ရဲ့ သဘောထား၊
ထင်မြင်ချက်ကို ရေးချင်ရင် ဒါဟာ သူ့ရဲ့ သဘောထား အာဘော်မျှသာ ဖြစ်ကြောင်း၊
ဘုရားဟော မဟုတ်ကြောင်းကိုလည်း အတိအလင်း ရိုးရိုးသားသား ဝန်ခံပြီး
ရေးသားထားပါတယ်။ မလိမ့်တပတ် ပုံတူကူးချပြီး ဘုရားဟောသလိုလို ဘာလိုလို
မလုပ်ခဲ့ကြောင်း ပါဠိစာပေ လေ့လာ ကျွမ်းကျင်သူများ အားလုံး အသိပါ။
သူ့သဘောနဲ့ လုပ်ကြံရေးသားခဲ့ရင်လည်း အဲဒီခေတ်က ထေရဝံသ ပဒီပ မထေရ်ကြီး တွေက
လက်ခံမှာ မဟုတ်ပါ။ ဖျက်ပစ်၊ ရုပ်သိမ်းပစ်လိုက်မှာ သေချာပါတယ်။
ဒါတွေဟာ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းထဲက ဆရာတော်ကြီးများရဲ့
အထောက်အထားနဲ့တကွ ပြထားတဲ့ သုံးသပ်ချက်များပဲဖြစ်ပါတယ်။ ကျနော်
ကောက်နှုတ်ဖော်ပြထားခြင်းသာဖြစ်ပါတယ်။ ကိုယ်တိုင်စဉ်းစားမိ သိမိသည့်အတိုင်း
ဖြေတာတော့ မဟုတ်ပါဘူး။ အဲဒီလောက်စဉ်းစားဖို့၊ ကျမ်းဂန်တွေကို
မတတ်ကျွမ်းတဲ့အတွက်၊ ဉာဏ်မမီတဲ့အတွက် တတ်ကျွမ်းတဲ့ ဆရာတော်များက
နိုင်ငံတော်အဆင့်မှာ အထောက်အထားများနဲ့တကွ ဝေဖန်သုံးသပ်ပြသွားတာတွေကို
ပြန်လည် ဖော်ပြပေးလိုက်တာပါ။ ဘဝင်မကျတာများ ရှိခဲ့ရင်
ဆက်လက်ဆွေးနွေးနိုင်ပါတယ်။ ဒီကျမ်းကိုပဲ ကိုးကားပြီး ဖြေဆိုမှာပါ။
No comments:
Post a Comment