ကမ္ဘာ့သမိုင်းမှာ ကျောင်းသား အခွင့်အရေး အပြည့်အဝ ရရှိစေရေး အတွက်
တိုက်ပွဲဝင် ခဲ့ကြတဲ့ ဖြစ်စဉ်တွေ မနည်းပါဘူး။ ကျောင်းသား တွေဟာ သူတို့
အခွင့်အရေးကို ရလဲရသင့် ပါတယ်။ ဒါပေမဲ့ ကျောင်းသား တွေက တက္ကသိုလ်
စာမေးပွဲမှာ စာကူးချခွင့်ဟာ ကျောင်းသား တွေရဲ့ အခွင့်အရေးပါ ဆိုပြီး
တောင်းဆို လာကြရင် ဘယ့်နှယ် လုပ်ရမှာပါလိမ့်။
အိန္ဒိယမှာတော့ အခု လက်တွေ့ ဖြစ်နေပါပြီ။ တက္ကသိုလ် ကျောင်းသားတွေ
စာမေးပွဲမှာ စာကူးချတာကို ပိတ်ပင် တားမြစ်တာဟာ ကျောင်းသား အခွင့်အရေးကို
ချိုးဖောက်ခြင်း ဖြစ်တယ်။ စာကူးချ ခွင့်ဟာ ကျောင်းသား တွေရဲ့ မွေးရာပါ
အခွင့်အရေး၊ ဒီမိုကရေစီ နည်းလမ်းကျတဲ့ အခွင့်အရေးလို့ အချို့ ကျောင်းသား
တွေက ကြွေးကြော် စည်းရုံးနေတဲ့ အတွက် တက္ကသိုလ် အာဏာပိုင်တွေ ခေါင်းခဲ နေကြရ
ပါတယ်။
ဥတ္တရပရာဒေ့ရှ် ပြည်နယ်လို နေရာမျိုးမှာ တက္ကသိုလ် စာမေးပွဲ တွေဟာ အကျင့်ပျက်
ခြစားမှုတွေနဲ့ ပြည့်နှက် နေပါတယ်။ ချမ်းသာတဲ့ မိသားစုက သားသမီးတွေ
စာမေးပွဲ အောင်ဖို့ လာဘ်ပေးကြ ပါတယ်။ အဲဒီလို အကျင့်ပျက် ကျောင်းသား တွေနဲ့
ခြစားနေ တဲ့ ကျောင်း အာဏာပိုင် တွေအကြား ပွဲစားလုပ်ပေး နေတာကလဲ
ကျောင်းသားတွေ ကိုယ်တိုင်ပါပဲ။ နိုင်ငံရေး လောကနဲ့ အချိတ်အဆက် ရှိတဲ့
ကျောင်းသားတွေ ခရိုင် စာမေးပွဲ ဖြေတဲ့အခါ စာရေးခုံပေါ် မှာ ဓားမြောင်ကို
တောင် တင်ထားကြ ပါတယ်။ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတာ စာမေးပွဲ အခန်းစောင့်
ဆရာ၊ ဆရာမတွေလဲ သိကြပါတယ်။ သူတို့အနားကို ယောင်လို့တောင် မသွားကြ ပါဘူး။
ဒီတော့ ကြေးရတတ် အသိုင်းအဝိုင်း နဲ့ နိုင်ငံရေး လောကက ကျောင်းသား၊
ကျောင်းသူတွေက သဘောရှိ ကူးချလို့ ရနေတဲ့အခါ ဆင်းရဲတဲ့ ကျောင်းသား တွေကလဲ
သူတို့ကိုပါ ကူးချခွင့်ပြုဖို့ တောင်းဆို လာကြတာ ဆန်းတော့ မဆန်းလှ ပါဘူး။
အိန္ဒိယတက္ကသိုလ် တွေရဲ့ အခြေအနေဟာ ဆိုးရွားလှ ပါတယ်။ အဆင့်တိုင်းမှာ
မသမာမှုတွေ ရှိနေပါတယ်။ တက္ကသိုလ် ဝင်ခွင့်ရဖို့၊ စာမေးပွဲ အောင်ဖို့၊
အမှတ်ကောင်းဖို့ ဆိုတာ လာဘ်ပေးလိုက်ရုံ ပါပဲ။ အဆိုင်းမင့်တွေ၊ ပရောဂျက်တွေ
တင်ရတော့မယ် ဆိုရင် ပရော်ဖက်ဆာကြီး တွေကို ငွေပေးပြီး ရေးခိုင်းပါတယ်။
ပရော်ဖက်ဆာ တွေကလဲ ကိုယ်တိုင် ရေးတယ် မထင်ပါနဲ့။ သတင်းစာ၊ ဂျာနယ်၊
မဂ္ဂဇင်းတွေက နေကူးချပြီး ဖြတ်၊ ညှပ်၊ ကပ် လုပ်လိုက်ကြ တာပါ။ တစ်ခါက ဆိုရင်
မာစတာ ကျောင်းသားတွေရဲ့ Thesis ကို ကောလိပ် ကျောင်းသားတွေကို စစ်ခိုင်း၊
အမှတ်ပေးခိုင်း ခဲ့ဖူးတဲ့ အထိ လက်လွတ်စပယ် လုပ်ခဲ့ကြ ပါတယ်။
ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ ဆိုရင်လဲ ၁၉၅ဝ ပြည့်နှစ် ဝန်းကျင်က ဗြိတိန်
တက္ကသိုလ်တွေမှာ အသုံးပြု ခဲ့တဲ့ အဆင့်လောက်ကို မကောင်း တော့တာပါ။
သင်ရိုးညွှန်းတမ်း တွေကလဲ ညံ့ဖျင်းလှ သလို ကထိက များကလဲ သင်ကြားရာမှာ ခိုကပ်
နေကြလေတော့ ကျောင်းသား၊ ကျောင်းသူ တွေဟာ အိမ်ကျူရှင် ပြန်ခေါ်ကြ ရသလို
ပုံနှိပ်စာအုပ် တွေထဲက နေပဲ အလွတ် ကျက်မှတ် နေရတာလဲ ရှိပါတယ်။ ဒီလို
ဒုက္ခမခံ ချင်ဘူး ဆိုရင်တော့ ညဈေးတန်း ကနေ စာမေးပွဲ ခန်းထဲ ကူးချနိုင်ဖို့
အသင့်ရိုက်နှိပ် ရောင်းချနေတဲ့ စာအုပ်တွေကို ဝယ်လိုက်ရုံ ပါပဲ။
အစိုးရ တက္ကသိုလ်တွေ အကျင့်ပျက် ခြစားနေလို့ ဆိုပြီး ပုဂ္ဂလိက တက္ကသိုလ်
ဘက်ကို ခြေဦးလှည့်မယ် ဆိုရင် ပိုလို့တောင် ဆိုးသွားနိုင်ပါ သေးတယ်။ တစ်ခါက
ဆိုရင် ပုဂ္ဂလိက တက္ကသိုလ် တစ်ခုကို ကျောင်းသား တွေက အွန်လိုင်းပေါ် ကနေ
ကျောင်းအပ်နှံပြီး ကျောင်းလခတွေ ပေးသွင်း ခဲ့ကြပါတယ်။ ကျောင်းဖွင့်တဲ့
အချိန် ရောက်တော့ အဲဒီ တက္ကသိုလ်ဟာ ပျောက်ခြင်းမလှ ပျောက်သွား ပါတယ်။
အွန်လိုင်းပေါ်မှာလဲ မရှိတော့ သလို မြေပြင်လိပ်စာ ဟာလဲ မွေးမြူ ရေးခြံကြီး
တစ်ခြံ ဖြစ်နေခဲ့ ပါတယ်။
ဥတ္တရပရာဒေ့ရှ် က တက္ကသိုလ် ပရဝဏ်တစ်ခုကို ဝင်သွားလိုက်မယ် ဆိုရင်
မှိုတက်နေတဲ့ ပြဋ္ဌာန်း စာအုပ်တွေ၊ မိုးယိုနေတဲ့ ကျောင်းဆောင်တွေ၊ မြက်ပင်တွေ ၊
ခြောက်သွေ့နေတဲ့ ကွင်းပြင်ထဲမှာ ရှာကြံ စားသောက်နေတဲ့ ကျွဲ၊ နွားအုပ်
တွေကို မြင်ရမှာပါ။ ကင်တင်းထဲကို ဝင်ထိုင်ချင်တယ် ဆိုရင် စားပွဲအောက်က
ခွေးလေခွေးလွင့် တွေကို အရင် မောင်းထုတ်ရ ပါတယ်။ စားပွဲသုတ်ဖို့
ကိုယ်ပိုင်စက္ကူ ဖြစ်ဖြစ်၊ တစ်သျှူးဖြစ်ဖြစ် ပါမသွားဘူး ဆိုရင် သင့်လက်ကို
အောက်ချပြီး ထိုင်ရ ပါလိမ့်မယ်။ လက်ထဲမှာ သတင်းစာဖြစ်ဖြစ် ကိုင်ထားပါ။
အစားအစာပေါ် လာနားတဲ့ ယင်ကောင်တွေကို မောင်းထုတ် ဖို့ အသုံးဝင် ပါလိမ့်မယ်။
ဒီလို တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ စစ်မှန်တဲ့ ပညာရေး
စိစစ်မှုကို ဘယ်လိုလုပ် လက်ခံနိုင်ကြပါ့ မလဲလေ။ ဒါကြောင့်လဲ ၁၉၉ဝ
ပြည့်နှစ်မှာ စာမေးပွဲမှာ စာကူးချခွင့် ပြုဖို့ တက္ကသိုလ် ကျောင်းသားတွေက
ဆန္ဒပြ တောင်းဆိုခဲ့ ပါတယ်။ ဥတ္တရပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ်ကလဲ
စာကူးချခြင်း ကို တားမြစ်တဲ့ အက်ဥပဒေကို ပယ်ဖျက် ပေးလိုက်ပြီး ကျောင်းသား၊
ကျောင်းသူတွေကို တရားဝင် စာကူးချခွင့် ပြုခဲ့ပါတယ်။
အခု နိုင်ငံတော် ဝန်ကြီးချုပ်သစ် မိုဒီ တက်လာတော့ အခြေအနေ တွေက
ဖြည်းဖြည်းခြင်း ပြောင်းလဲလို့ လာပါပြီ။ အဆင့်မြင့် ပညာရေး ထိန်းချုပ်စနစ်
ငါးနှစ်စီမံကိန်း တစ်ရပ် ထွက်ပေါ်လာ ပါတယ်။ ဗဟိုအစိုးရ က တက္ကသိုလ်တွေ ကို
ပံ့ပိုးပေးအပ် ငွေကို အရင်ကထက်ငါးပုံတစ်ပုံ တိုးမြှင့်လိုက် ပါတယ်။
ဒါပေမဲ့ ဒါဟာ ဆင့်ပါးစပ် နှမ်းပက်လိုက်တဲ့ အတိုင်းပါပဲ။ အိန္ဒိယမှာ ပညာရေးကဏ္ဍ
ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ ကပဲ တိုက်ရိုက် ကိုင်တွယ်တာပါ။
ဥတ္တရပရာဒေ့ရှ် လိုပြည်နယ်ကို ထောက်ပံ့ငွေ ပိုပေးလဲ ပညာရေး တိုးတက်
မြင့်မားရေး ရင်းနှီးမြှုပ်နှံမှု ဆိုတာလိုမျိုး မတွေ့ရသေး ပါဘူး။
ကျောင်းသား၊ ကျောင်းသူတွေ ခမျာ တိမ်းစောင်း နစ်မြုပ်နေတဲ့ ပညာရေး
သင်္ဘောကြီးကို အကြောက်အကန် ဖက်တွယ် နေကြရတာပါ။ ဒီသင်္ဘောကြီး ဆုံးခန်း
တိုင်အောင် နစ်မြုပ် မသွားခင် စာကူးချပြီး တော့ပဲဖြစ်ဖြစ် စာမေးပွဲ
အောင်ပါရစေလို့ သူတို့ တောင်းဆို နေကြတာ လွန်အံ့မထင်။
လူ့ဘဝ အသက်အပိုင်း အခြားရဲ့ ပထမအဆင့်မှာ ပညာရှာရတာပါ။ ကိုယ်ရရှိလိုက်တဲ့
ပညာအဆင့် အတန်းဟာ ကိုယ့်အနာဂတ် ဘဝကိုလဲ တန်ဖိုးဖြတ် သွားမှာပါပဲ။
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် တစ်ခုမှာတော့ ကျောင်းသား တွေက ပညာလိုချင် ပေမယ့်
အစိုးရရဲ့ အကျင့်ပျက် ခြစားမှုကြောင့် စာကူးချတာကို တရားဝင် ခွင့်ပြု
ထားပါတယ်။ အမေရိကားမှာ ကြပြန်တော့လဲ ကျောင်းသားတွေ တက္ကသိုလ် မတက်ဖြစ်မှာ
စိုးလို့ အစိုးရက အရှုံးခံပြီးတော့ကို ပညာရေး ချေးငွေတွေ ဘီလီယံပေါင်း
များစွာ ပေးအပ်နေ ပါတယ်။ စင်ကာပူနိုင်ငံ ကြတော့လဲ ပညာရေးစာရွက်
စာတမ်းအတုနဲ့ ကျောင်းတက်၊ အလုပ်လုပ် သူတွေကို ထုတ်ဖော်ပြီး ထောင်ဒဏ်ချ
တာအထိ အရေးယူ ပါတယ်။ သြစတြေးလျ မှာဆိုရင် ကမ္ဘာပေါ်မှာ ပညာရေး ကုန်ကျစရိတ်
အကြီးမြင့်ဆုံး ဖြစ်အောင်ကို ဘယ်လို လူတန်းစားက တက္ကသိုလ် တက်သင့်သလဲ
ဆိုတာကို တစ်ခါတည်း ခွဲခြား သတ်မှတ်ထားပြန် ပါတယ်။ ဂျာမနီ နဲ့ ကနေဒါ
လိုနိုင်ငံတွေ ကြတော့လဲ နိုင်ငံအတွက် လိုအပ်တဲ့ လူ့စွမ်းအင် အရင်းအမြစ်
အတွက် နိုင်ငံတကာ ကျောင်းသား တွေကို မက်လုံးမျိုးစုံ ပေးပြီး ခေါ်ယူနေကြ
ပါတယ်။
အိုဘယ့် ကျောင်းသား ဘယ်လို တက္ကသိုလ် မှာများ အဆင်ပြေမှာ ပါလိမ့်။
နာမည်ကောင်း ရှိပြီး သမာဓိ ခိုင်မာစွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို
စစ်မှန်တဲ့ ပညာရေး သင်ကြား ပေးနေတဲ့ တက္ကသိုလ်ကောင်း တွေနဲ့ ချိတ်မိဆက်မိ
တက်ရောက် နိုင်ကြပါစေလို့ ဆုတောင်း ပေးရင်း အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခု
ရဲ့ယိမ်းယိုင်နေတဲ့ တက္ကသိုလ် ပညာရေး စနစ်တစ်ခု အကြောင်းကို လေ့လာ
ရေးသားတင်ပြ လိုက်ရ ပါတယ်။
No comments:
Post a Comment